မြန်မာ့ရိုးရာလက်ဝှေ့သမား စောအေးစီးဟာ ထိုင်းဖိုက် (Thai Fight) မွေထိုင်းပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းဖိုက်တာ ဖုန်ပီတက်ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းဖိုက်မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့တဲ့မတ် ၁ ရက်က ထိုင်းနိုင်ငံရှိ နာခွန်ရတ်ချာစီမာ(ခိုရတ်) မြို့မှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ပြိုင်ပွဲမှာ တွဲဆိုင်း ၉ ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး အဓိကခေါင်ပွဲအဖြစ် ထိုင်းနိုင်ငံက နာမည်ကြီးမွေထိုင်းဖိုက်တာ ဆက်ဆမ်နဲ့ တောင်ကိုရီးယားဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။
မြန်မာဖိုက်တာ စောအေးစီးဟာ မွေထိုင်း ၅၉ ကီလိုတန်းမှာ အိမ်ရှင်ထိုင်းဖိုက်တာ ဖုန်ပီတက်နဲ့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ခြင်းဖြစ်ပါတယ်။
ပထမအချီမှာ စောအေးစီးဟာ အောက်ခြေခတ်ချက်နဲ့ ဘယ်ညာတွဲလုံးများကိုသာ အားပြုခဲ့ပါတယ်။
ဖိုက်တာနှစ်ယောက်စလုံးဟာ ပထမအချီမှာ အပြန်အလှန်အကဲခတ်ရုံသာရှိခဲ့ပါတယ်။
ဒုတိယအချီမှာ စောအေးစီးက တိုက်စစ်ဖွင့်ပြီး ပြိုင်ဘက်ကိုဖိအားပေးကာ အတင်းဝင် အတင်းထွက်နဲ့ ထိုးသတ်လာခဲ့ပါတယ်။
စောအေးစီးရဲ့ ထိုးချက်များကြောင့် ထိုင်းဖိုက်တာ နှာခေါင်းက သွေးများ စီးကျခဲ့ရပါတယ်။
ဒုတိယအချီမှာ စောအေးစီးက သိသာသာ အသာစီးနဲ့ ထိုင်းဖိုက်တာကို ထိုးသတ်နိုင်ခဲ့ပါတယ်။
တတိယအချီမှာ ထိုင်းဖိုက်တာက ပြန်လည်ဖိအားပေးထိုးသတ်ခဲ့ပေမဲ့ သိသာတဲ့ အစီးပုံစံတော့ မရရှိခဲ့ပါဘူး။
ဒါပေမဲ့ ပွဲအပြီးမှာ ထိုင်းဖိုက်တာ ဖုန်ပီတက်ကို အ မှတ်နဲ့ အနိုင်ပေးခဲ့ကြခြင်းဖြစ်ပါတယ်။