အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျပန်အသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းအနေနဲ့ အာရှအသင်းတွေနဲ့ (၁၁)ကြိမ်မြောက် ရင်ဆိုင်ရာမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဒါက နည်းပြ သောမတ်စ်တူဟယ်လ် ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဒုတိယမြောက်ရှုံးပွဲဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ဝင်ဘလေကွင်းပွဲစဉ်မှာ ရှုံးနိမ့်ခြင်းလည်းဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဇွန်လမှာ ခြေစမ်းပွဲနှစ်ပွဲ ထပ်ကစားဖို့ စီစဉ်ထားပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာသာ ယှဉ်ပြိုင်သွားတော့မှာပါ။
ဂျပန်နဲ့ပွဲမှာ အင်္ဂလန်အသင်းက အသင်းခေါင်းဆောင် ဟာရီကိန်းအပါအဝင် ဒက်ကလန်ရိုက်စ်၊ ဆာကာတို့ ပါဝင်ခြင်းမရှိဘဲ ယှဉ်ပြိုင်ကစားခဲ့တာပါ။
”ရှုံးနိမ့်မှုတိုင်းက နာကျင်ရပြီး အိမ်ကွင်းမှာ ရှုံးနိမ့်ရတဲ့ နာကျင်မှုက အရမ်းများပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ တန်ပြန်တိုက်စစ်တစ်ကြိမ်နဲ့ပဲ အပြစ်ပေးခံခဲ့ရတာပါ။ ကျွန်တော်တို့ ဒီလိုပွဲမျိုးတွေ လိုအပ်ပါတယ်။ ခက်ခဲတဲ့ပြိုင်ဘက်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားများစွာလည်း မပါဝင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီရှုံးပွဲကနေ သင်ယူဖို့ လိုအပ်ပါတယ်။ အမှန်အတိုင်းမြင်ဖို့လည်း လိုအပ်ပါတယ်။ ဒါက ကမ္ဘာကြီးအဆုံးသတ်သွားတာ မဟုတ်ပါဘူး” လို့ သောမတ်စ်တူဟယ်လ်က ပြောကြားခဲ့ပါတယ်။