မန်ယူ – နယူးကာဆယ် (ဒီဇင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)
မန်ယူအသင်းအတွက်တော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို အမ်ဘူမို၊ အာမက်၊ မာဇရာဝီတို့ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် စေလွှတ်ထားရချိန်မှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ရတော့မှာပါ။ ဒါက နိုင်ပွဲတစ်ပွဲရဖို့တောင် အတော်လေးရုန်းကန်နေရတဲ့ မန်ယူအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ဘရူနိုဖာနန်ဒက်စ်မပါနိုင်တဲ့ ကွင်းလယ်ပိုင်းက အိမ်ကွင်းဆိုပေမဲ့ နယူးကာဆယ်ကို ယှဉ်နိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။ နယူးကာဆယ်ကလည်း ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားပြိုင်ပွဲတွေကြောင့် ပွဲပန်းနေတယ်ဆိုပေမဲ့ လူအင်အားက ထိပ်တန်းအဆင့် ရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ရထားတာဖြစ်လို့ စိတ်ပိုင်းဆိုင်ရာအရ အသာစီးရနေလိမ့်မယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းဖြစ်ပေမဲ့ အမှတ်ခွဲယူရဖို့ရှိပြီး ဂိုးလည်းနည်းနိုင်တယ်။