ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ FIFA Asean Cup 2026 ပြိုင်ပွဲကို လာမယ့်စက်တင်ဘာ (၂၁) ရက်ကနေ အောက်တိုဘာ (၆) ရက်အထိ ကျင်းပပြုလုပ်သွားမယ်ဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပဲ ဆက်လက်ထုတ်ပြန်ပေးသွားမယ်ဆိုတာကိုပဲ ကြေညာခဲ့ပါတယ်။ FIFA Asean Cup 2026 ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ (၁၁) နိုင်ငံစလုံးက နိုင်ငံလက်ရွေးစင်အသင်းတွေအားလုံး ဝင်ရောက်ယှဥ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
FIFA ဥက္ကဌ အင်ဖန်တီနိုက အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအတွက် FIFA ASEAN Cup ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ASEAN Summit တက်ရောက်လာချိန်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ (၄၇) ကြိမ်မြောက် ASEAN Summit ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ၂၈ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။
ASEAN Summit ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌဖြစ်သူ အင်ဖန်တီနို တက်ရောက်ခဲ့ပြီး ဖီဖာနဲ့ အာဆီယံကြား ဆက်လက်ပူးပေါင်းလက်တွဲဆောင်ရွက်ရန် (၅) နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါတယ်။
အဲဒီနောက် ဖီဖာဥက္ကဌ အင်ဖန်တီနိုက အရှေ့တောင်အာရှဒေသတွင်း ယခုထက် ဘောလုံးဖွံ့ဖြိုးတိုးတက်လာစေရန် FIFA ASEAN Cup ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။
အင်ဖန်တီနိုက “ဖီဖာနဲ့ အာဆီယံကြားမှာ သဘောတူညီမှုအသစ်တွေ ရရှိခဲ့ပါတယ်။ ဒီသဘောတူညီမှုအသစ်တွေက ဘောလုံးမှာ ကွဲပြားခြားနားစွာ ကူညီပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး အရှေ့တောင်အာရှဒေသတွင်းက သန်းနဲ့ချီတဲ့ ကလေးငယ်တွေ၊ လူငယ်လူရွယ်တွေအတွက် မျှော်လင့်ချက်အသစ်တွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အရှေ့တောင်အာရှဒေသတွင်း ဘောလုံးအရွေ့ကို ပိုပြီးတွန်းအားဖြစ်စေမှာပါ။ နောက်ပြီးနိုင်ငံတကာနဲ့ချိတ်ဆက်မှု၊ ကျန်းမာရေးနဲ့ လူမှုဘဝတွေကိုလည်း များစွာအထောက်အကူ ဖြစ်စေပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အင်ဖန်တီနိုက “အာဆီယံအပေါ် ပံ့ပိုးကူညီမှုသက်သေအနေနဲ့ ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားပါမယ်။ ဒါက အရှေ့တောင်အာရှဒေသတွင်း ဘောလုံးပြက္ခဒိန်မှာ ပါဝင်လာမယ့် ဂုဏ်သိက္ခာ ကြီးမားတဲ့ပြိုင်ပွဲဖြစ်လာမှာပါ။ ဒီပြိုင်ပွဲကနေ အရှေ့တောင်အာရှဒေသတွင်းက ထူးချွန် ကစားသမားတွေဟာ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ကို တက်ရောက်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီပြိုင်ပွဲကြောင့် အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ ဘောလုံးအဆင့်အတန်းကလည်း အများကြီး တိုးတက်လာပါလိမ့်မယ်။ အရှေ့တောင် အာရှဒေသတွင်း ဘောလုံးဖွံ့ဖြိုးတိုးတက်လာဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။