
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အသက် (၃၂) နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ၂၀၂၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ပါအချက်အလက်တွေအရ သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ တစ်နှစ်ထက် တစ်နှစ် လျော့ကျလာတယ်လို့ သိရပါတယ်။
The Telegraph ရဲ့ ဖော်ပြချက်အရ ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားလိုနေပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဟာရီကိန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ကစားသမားက အသင်းပြောင်းချင်တယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းကနေ စပါးအသင်းကို ဦးစားပေးရမယ်ဆိုတဲ့အချက်လည်း ပါဝင်နေကြောင်းလည်း သိရပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၉၆) ပွဲမှာ (၈၅) ဂိုးအထိ သွင်းယူထားသလို၊ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရယူကာ ကစားသမားဘဝတစ်လျှောက် ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့တာပါ။
ဒါပေမဲ့ ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ သွင်းဂိုး (၂၁၃) ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဂိုးသွင်းအများဆုံးဖြစ်တဲ့ နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယား (၂၆၀ ဂိုး)ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက် ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားလိုနေတယ်လို့ သိရပါတယ်။