၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်တွေကို ဇန်နဝါရီ ၃ ရက်ကနေ ၆ ရက်အထိ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။
အုပ်စုအဆင့်ပွဲစဉ်တွေ ဒီဇင်ဘာ ၃၁ ရက်မှာ ပြီးဆုံးခဲ့ပြီး အုပ်စု (A) မှာ ခုနစ်မှတ်ရရှိတဲ့ အိမ်ရှင်မော်ရိုကိုအသင်းက အုပ်စုပထမ၊ သုံးမှတ်ရရှိတဲ့ မာလီအသင်းက အုပ်စုဒုတိယ၊ အုပ်စု (B) မှာ ခုနစ်မှတ်ရရှိတဲ့ အီဂျစ်အသင်းက အုပ်စုပထမ၊ ခြောက်မှတ်ရရှိတဲ့ တောင်အာဖရိကအသင်းက အုပ်စုဒုတိယ၊ အုပ်စု (C) မှာ ကိုးမှတ်ရရှိတဲ့ နိုင်ဂျီးရီးယားအသင်းက အုပ်စုပထမ၊ လေးမှတ်ရရှိတဲ့ တူနီးရှားအသင်းက အုပ်စုဒုတိယ၊ အုပ်စု (D) မှာ ခုနစ်မှတ်စီရရှိတဲ့ နှစ်သင်းအနက် ဂိုးကွာခြားချက်အသာရတဲ့ ဆီနီဂေါအသင်းက အုပ်စုပထမ၊ DR ကွန်ဂိုအသင်းက အုပ်စုဒုတိယ၊ အုပ်စု (E) မှာ ကိုးမှတ်ရရှိတဲ့ အယ်လ်ဂျီးရီးယားအသင်းက အုပ်စုပထမ၊ ခြောက်မှတ်ရရှိတဲ့ ဘာကီနာဖာဆိုအသင်းက အုပ်စုဒုတိယ၊ အုပ်စု (F) မှာ ခုနစ်မှတ်စီရရှိတဲ့ နှစ်သင်းအနက် သွင်းဂိုးပိုများတဲ့ အိုင်ဗရီကို့စ်အသင်းက အုပ်စုပထမ၊ ကင်မရွန်းအသင်းက အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့် တက်ရောက်ခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် အုပ်စုတတိယအသင်းတွေအနက် သုံးမှတ်စီရရှိတဲ့ အုပ်စု (F) က မိုဇမ်ဘစ်၊ အုပ်စု (D) က ဘီနင်၊ အုပ်စု (E) က ဆူဒန်နဲ့ နှစ်မှတ်စီရရှိတဲ့ အသင်းတွေအနက် အုပ်စု (C) က တန်ဇန်နီးယားအသင်းတို့ အကောင်းဆုံးအုပ်စုတတိယအဖြစ် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။
၁၆ သင်းအဆင့်ပွဲစဉ်များအဖြစ် ဇန်နဝါရီ ၃ ရက်မှာ ဆီနီဂေါ- ဆူဒန်၊ မာလီ-တူနီးရှား၊ ဇန်နဝါရီ ၄ ရက်မှာ မော်ရိုကို-တန်ဇန်နီးယား၊ တောင်အာဖရိက- ကင်မရွန်း၊ ဇန်နဝါရီ ၅ ရက်မှာ အီဂျစ်-ဘီနင်၊ နိုင်ဂျီးရီးယား-မိုဇမ်ဘစ်၊ ဇန်နဝါရီ ၆ ရက်မှာ အယ်လ်ဂျီးရီးယား-DR ကွန်ဂို၊ အိုင်ဗရီကို့စ်-ဘာကီနာဖာဆိုတို့ ယှဉ်ပြိုင်ကစားရမှာပါ။
နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၃၅ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အီဂျစ်အသင်းက ချန်ပီယံဆုခုနစ်ကြိမ်နဲ့ အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေကာ စုစုပေါင်း ၁၅ သင်းက ချန်ပီယံဆုရရှိဖူးကြောင်း သိရပါတယ်။
၁၆ သင်းအဆင့် ပွဲစဉ်များ
၃-၁-၂၆ ဆီနီဂေါ – ဆူဒန်
မာလီ – တူနီးရှား
၄-၁-၂၆ မော်ရိုကို – တန်ဇန်နီးယား
တောင်အာဖရိက – ကင်မရွန်း
၅-၁-၂၆ အီဂျစ် – ဘီနင်
နိုင်ဂျီးရီးယား – မိုဇမ်ဘစ်
၆-၁-၂၆ အယ်လ်ဂျီးရီးယား – DR ကွန်ဂို
အိုင်ဗရီကို့စ် – ဘာကီနာဖာဆို