အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာဟာ အသင်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို မကျေနပ်တာကြောင့် ပွဲကစားဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။
ဘန်ဇီမာဟာ ၂၀၂၃ နွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီးနောက် အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။
ဘန်ဇီမာဟာ ဆော်ဒီပရိုလိဂ်မှာ စီရော်နယ်လ်ဒိုရဲ့နောက် လစာအများဆုံးအဖြစ် တစ်နှစ်ယူရိုသန်း(၉၀) ရရှိနေသူဖြစ်ပြီး အယ်လ်အစ်တီဟတ်အသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကတော့ ပုံရိပ်အသုံးပြုခကို (၁၀၀)% ပေးအပ်သွားမှာဖြစ်ပြီး လစာပါဝင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
ဒါကြောင့် ဘန်ဇီမာက ဒေါသပေါက်ကွဲခဲ့ပြီး မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အယ်လ်ဖာတက်နဲ့ပွဲကို ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အခုလိုအခြေအနေ ဖြစ်ပေါ်လာခဲ့တာကြောင့် ဘန်ဇီမာအနေနဲ့ လာမယ့်နွေရာသီမှာ အယ်လ်အစ်တီဟတ်အသင်းနဲ့ လမ်းခွဲပြီး ဥရောပမှာ ပြန်ကစားဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ဘန်ဇီမာက နောက်ထပ် (၂)နှစ်လောက် ဘောလုံးဆက်ကစားလိုကြောင်းလည်း ပြောကြားထားပါတယ်။