ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က ပွဲကစားမယ့်နေ့မှာ အသင်းကို ရောက်ရှိချိန်နောက်ကျတဲ့ ကစားသမားအနေနဲ့ ဒဏ်ငွေ ယူရို(၄၀၀၀၀)ပေးရမယ်လို့ စည်းကမ်းထုတ်ထားကြောင်း ပတ်ဒရီနဲ့ ဖယ်ရန်တောရက်စ်တို့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဟန်ဆီဖလစ်ခ်က ပွဲကစားမယ့်နေ့မှာ သတ်မှတ်ထားချိန်ထက် နောက်ကျပြီးမှ ရောက်ရှိလာတာဟာ အသင်းဖော်တွေအပေါ် လေးစားမှုမရှိခြင်းလို့ ယူဆတာကြောင့် အခုလို စည်းကမ်းတင်းကျပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
Spanish TV နဲ့ တွေ့ဆုံရာမှာ ပတ်ဒရီက ”အချိန်မှန်ဖို့ အာရုံစိုက်နေရပါတယ်။ ကျွန်တော်တို့ အပြောင်းအလဲနည်းနည်းရှိနေပါတယ်။ နောက်ကျရင် ဒဏ်ငွေဆောင်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဖယ်ရန်တောရက်စ်ကတော့ ” နောက်ကျတာနဲ့ပတ်သက်ပြီး ဟန်ဆီဖလစ်ခ်က စည်းမျဉ်းအပြောင်းအလဲလုပ်ထားပါတယ်။ ပွဲကစားမယ့်နေ့မှာ နောက်ကျရင် ဒဏ်ကြေးယူရို (၄၀၀၀၀)ပေးရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
”ကျွန်တော် (၁၃း၃၀)နာရီလို့ ပြောတဲ့အခါ အဲဒါက (၁၃း၂၉)လည်း မဟုတ်ဘူး၊ (၁၃း၃၁)လည်း မဟုတ်ပါဘူး။ ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ နှစ်ကြိမ်၊ သုံးကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရပါတယ်။ ဒါကြောင့် ကစားသမားတွေအားလုံး ရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ အချိန်မီရောက်အောင် လာရတာက ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ နောက်ကျတာကတော့ တစ်မိနစ်နောက်ကျရင်တောင် အသင်းဖော်တွေအပေါ် လေးစားမှုမရှိတာပါပဲ” လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။