PSG အသင်းဟာ Paris FC အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပါရီဒါဘီပွဲမတိုင်ခင် ၂၀၂၅ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ဆုဖလားတွေကို ကွင်းထဲမှာ ပြသခဲ့ကြောင်း သိရပါတယ်။
PSG အသင်းဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ဆုဖလား(၆)ခု ရရှိခဲ့ပြီး ပြင်သစ်လိဂ်ဖလား၊ ပြင်သစ်ရှုံးထွက်ဖလား၊ ပြင်သစ်စူပါဖလား၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ဖီဖာကွန်တီနင်တယ်ဖလားတို့ ဖြစ်ပါတယ်။
ဒါကြောင့် ဘောလုံးလောကမှာ တစ်နှစ်အတွင်း ဖလား(၆)လုံး ရယူနိုင်တဲ့ တတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး တခြားနှစ်သင်းကတော့ ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာနဲ့ ၂၀၂၀ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်တို့ ဖြစ်ပါတယ်။
PSG အသင်းဟာ ပါရီဒါဘီပွဲမှာ Paris FC အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒါဘီပြိုင်ဘက်ကို လိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အနိုင်ရရှိခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
PSG နဲ့ Paris FC အသင်းဟာ ကွင်းချင်း ကပ်လျက်နီးပါး တည်ရှိနေတဲ့ အနီးဆုံးဒါဘီပြိုင်ဘက်တွေဖြစ်ပြီး ဒီနှစ်မှာမှ Paris FC အသင်းက ပြင်သစ်လီဂူး-၁ ကို ပြန်လည်တန်းတက်ခွင့်ရရှိလာတာပါ။
ဒီနှစ်သင်းက ပြင်သစ်ဖလားပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့်မှာလည်း ဆုံတွေ့နေတာကြောင့် ဇန်နဝါရီ(၁၂)မှာ ထပ်မံယှဉ်ပြိုင်ရဦးမှာပါ။