မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းအနေနဲ့ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်နိုးကြားလာခဲ့ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၇-၁၈ ရာသီကစပြီး ဆုဖလားအောင်ပွဲတွေ အဆက်မပြတ်ရယူပေးနိုင်ခဲ့ပေမဲ့ ၂၀၂၄-၂၅ ရာသီမှာတော့ ရာသီအဖွင့် ကွန်မြူနတီဒိုင်းသာ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ တတိယနေရာ ရောက်ရှိခဲ့ပါတယ်။
၂၀၂၅ နွေရာသီမှာ ကလပ်ကမ္ဘာ့ဖလား ယှဉ်ပြိုင်တော့လည်း (၁၆)သင်းအဆင့်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက စောစောစီးစီးထွက်ခဲ့ရပါတယ်။
ဂွါဒီယိုလာက အဲဒီလိုအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းအပေါ် ပြန်လည်ဆန်းစစ်မှု ပြုလုပ်နိုင်ခဲ့ပြီး ပြန်လည်နိုးကြားလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
”ကျွန်တော်တို့ အယ်လ်ဟီလာကို အနိုင်မရခဲ့ပေမဲ့ အဲဒီမှာ ကျွန်တော်တို့ လေ့ကျင့်တာရော၊ ယှဉ်ပြိုင်တာရော ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ကသိကအောက်ဖြစ်ခဲ့ပါတယ်။ အားလပ်ရက် ကမ်းခြေမှာ အပန်းဖြေချိန် ရာသီသစ်အတွက် ဘာတွေလုပ်မလဲဆိုတာ ဆွေးနွေးခဲ့တဲ့နောက် တစ်စုံတစ်ရာအပြောင်းအလဲလုပ်ဖို့ ပြောခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စွမ်းအင်တွေ ဆုံးရှုံးခဲ့ပြီး ပြန်ဖြည့်တင်းဖို့ လိုအပ်ကြောင်းနဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ လိုအပ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်လေ့ကျင့်ဖို့နဲ့ ပိုကောင်းအောင်ယှဉ်ပြိုင်ဖို့ အစပြုခဲ့ပါတယ်” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ(၈)ပွဲဆက်အနိုင်ရရှိထားပြီး ဂွါဒီယိုလာက အသင်းအနေနဲ့ တိုးတက်မှုရှိဖို့ လိုနေသေးပေမဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ပိုမိုကောင်းမွန်လာကြောင်းလည်း ဆိုခဲ့ပါတယ်။