ONE Friday Fights 140 ပြိုင်ပွဲရဲ့ ခေါင်ပွဲအဖြစ် ထိုင်းဖိုက်တာ ကောင်ချိုင်းနဲ့ ထိုးသတ်ရမယ့် သွေးလင်းထက်က
ပြိုင်ဘက်ဖိုက်တာကို အလဲထိုးအနိုင်ရအောင် ကြိုးစားသွားမယ်လို့ ONE Championship ဝက်ဘ်ဆိုက်ကနေ
အသိပေးခဲ့ပါတယ်။
ONE Friday Fights 140 ပြိုင်ပွဲကို ဇန်နဝါရီ (၃၀) ရက်၊ သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။
အဲ့ဒီပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း (၁၄) ဆိုင်းအထိ ထည့်သွင်းကျင်းပမှာဖြစ်ပြီး သွေးလင်းထက်အပြင် ဆွန်ရက်လည်း ပွဲစဉ်လည်း ပါဝင်နေပါတယ်။ မြန်မာဖိုက်တာ ဆွန်ရက်က ထိုင်းဖိုက်တာ ဘူခီယိုနဲ့ ဒုခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။
သွေးလင်းထက်က ” ကျွန်တော်အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားပါတယ်။ ပထမအချီမှာ ကောင်ချိုင်း တိုက်ကွက်တည်မရအောင် ဖိအားပေးသွားဖို့ ရည်ရွယ်ထားပြီး အခွင့်အရေးရတာနဲ့ အလဲထိုးနိုင်အောင် ကြိုးစားပါမယ်” လို့ ပြောခဲ့ပါတယ်။
သွေးလင်းထက်ဟာ ONE Championship မှာ (၇) ပွဲထိုးသတ်ထားပြီး (၅) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ထားပါတယ်။
သွေးလင်းထက်အနိုင်ရခဲ့တဲ့ (၅) ပွဲမှာ အလဲထိုးနိုင်ပွဲ (၃) ပွဲအထိ ပါဝင်နေပါတယ်။
သွေးလင်းထက်ဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာအတွင်းက ထိုင်းနာမည်ကြီး မွေထိုင်းဖိုက်တာ ဆမ်အေနဲ့ ထိုးသတ်ခဲ့ရာမှာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲ့ဒီပွဲမတိုင်ခင် သွေးလင်းထက်ဟာ ONE Championship မှာ (၄) ပွဲဆက်အနိုင်ရထားခဲ့ပါတယ်။
သွေးလင်းထက်အနိုင်ရထားတဲ့ဖိုက်တာတွေထဲမှာ ထိုင်းနာမည်ကြီး မွေထိုင်းဖိုက်တာတွေဖြစ်တဲ့ ဖလက်ပန်တမ်၊ ရော့ကီ၊ ပီကေဆန်ချိုင်းတို့ ပါဝင်နေပါတယ်။
သွေးလင်းထက်နဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ကောင်ချိုင်းဟာ ONE Championship မှာ (၁၅) ပွဲထိုး၊ (၉) ပွဲနိုင်၊ (၆) ပွဲရှုံးနိမ့်ထားပါတယ်။