ရန်းစ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဂျက်ကေးက အခု ဇန်နဝါရီစျေးကွက်မှာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လိုတယ်လို့ အသင်းတာဝန်ရှိသူတွေကို အသိပေးထားကြောင်း သိရပါတယ်။
ပြင်သစ်ယူ-၂၁ ကစားသမား ဂျက်ကေး(၂၀ နှစ်)ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဖြစ်ပြီး ရန်းစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ရန်းစ်အသင်းက ဂျက်ကေးအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို(၆၅)သန်းရရှိဖို့ အလိုရှိနေပြီး ဒါဟာ ၂၀၂၃ နွေရာသီတုန်းက မန်စီးတီးအသင်းဆီ ရောင်းထုတ်ခဲ့တဲ့ ဒိုကူရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးအတိုင်းဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ရန်းစ်အသင်းက ဥရောပဝင်ခွင့်ရရှိဖို့ မျှော်လင့်ချက်ရှိနေတာကြောင့် ဂျက်ကေးကို နွေရာသီမှ ရောင်းထုတ်ဖို့ ပိုမိုလိုလားနေကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ ဂျက်ကေးက ချယ်လ်ဆီးအသင်းထံ အမြန်ဆုံးပြောင်းရွှေ့ချင်နေတာကြောင့် အသင်းတာဝန်ရှိသူတွေဆီ တောင်းဆိုထားတာပါ။
ချယ်လ်ဆီးအသင်းကလည်း ရေရှည်အသုံးပြုနိုင်မယ့် နောက်ခံလူတစ်ဦး အလိုရှိနေပြီး ပြိုင်ဘက်တွေထက် လက်ဦးမှုယူနိုင်ဖို့အတွက် ဇန်နဝါရီမှာပဲ ခေါ်ယူဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။