အင်္ဂလန်ကစားသမား စတာလင်ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီယင်နု ၂-၁ တယ်လ်စတာပွဲမှာ ဖီယင်နုကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ကြောင်း သိရပါတယ်။
စတာလင်ဟာ ပွဲချိန်(၆၁)မိနစ်မှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် မေလမှာ အာဆင်နယ်အသင်းအတွက် ကစားခဲ့ပြီးနောက်ပိုင်း ပထမဆုံးကစားခွင့်ရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။
စတာလင်ဟာ အာဆင်နယ်နဲ့ အငှားစာချုပ်သက်တမ်းပြည့်ပြီးနောက် ချယ်လ်ဆီးအသင်းကို ပြန်ရောက်ခဲ့ပေမဲ့ အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းခံရခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းပြီး ဖီယင်နုအသင်းကို ရာသီကုန်အထိ ပြောင်းရွှေ့ခဲ့တာပါ။
ဖီယင်နုနည်းပြ ဗန်ပါစီက စတာလင်အနေနဲ့ လက်ရှိအချိန်မှာ မိနစ်(၉၀) ယှဉ်ပြိုင်ကစားဖို့ အဆင်သင့်မဖြစ်သေးပေမဲ့ စတာလင်ရဲ့ အစွမ်းအစတွေကို မြင်တွေ့ရဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
စတာလင်ကတော့ အသင်းသစ်မှာ နိုင်ပွဲနဲ့ စတင်နိုင်တာ ကောင်းမွန်ကြောင်းနဲ့ ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။
စတာလင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၈၂)ပွဲ ကစားပေးထားသူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း လက်ရွေးစင်အသင်းအတွက် ကစားရခြင်းမရှိတော့ပါဘူး။
ဒီအတွက် လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်နဲ့ စကားပြောဖြစ်သလားဆိုတဲ့ မေးမြန်းမှုကိုတော့ ”ကျွန်တော် သူနဲ့ စကားမပြောဖြစ်သေးပါဘူး။ ဒီအချိန်မှာ ဘောလုံးကစားနေဖို့ကသာ အရေးအကြီးဆုံးပါ” လို့ ပြောကြားခဲ့ပါတယ်။