ပါလက်စတိုင်းအရေး မှတ်ချက်ပြုပြောကြားခဲ့တဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို မန်ချက်စတာရှိ ဂျူးအဖွဲ့အစည်းက ဘောလုံးကိုသာ အာရုံစိုက်သင့်ကြောင်း သတိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘာစီလိုနာမြို့မှာ ပြုလုပ်တဲ့ ရန်ပုံငွေပွဲတစ်ခုမှာ ပါလက်စတိုင်းကလေးငယ်တွေကို အားပေးတဲ့ မှတ်ချက်စကား ပြောကြားခဲ့သလို ဖေဖော်ဝါရီ ၃ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အရှေ့အလယ်ပိုင်းဒေသအပါအဝင် ပဋိပက္ခများအတွင်း ပိတ်မိနေတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ဒုက္ခခံစားရမှုက မိမိကို နာကျင်စေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဂရိတ်မန်ချက်စတာဒေသရှိ ဂျူးကိုယ်စားလှယ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပြီး ဂွါဒီယိုလာကို သတိပေးခဲ့တာပါ။
”ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ စကားလုံးတွေသုံးနှုန်းတဲ့အခါ ကမ္ဘာတစ်ဝန်းက တိုက်ခိုက်မှုတွေကို ဂျူးလူမျိုးတွေ ဘယ်လိုခံစားခဲ့ရလဲဆိုတာ သတိပြုဖို့ ကျွန်တော်တို့ အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။ ပက်ဂွါဒီယိုလာက ဘောလုံးမန်နေဂျာတစ်ယောက်ပါ။ သူ့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သုံးသပ်မှုတွေက ရည်ရွယ်ချက်ကောင်း ရှိနိုင်ပေမဲ့ သူ့အနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။ မန်ချက်စတာစီးတီးဟာ နိုင်ငံတကာရေးရာအပေါ် သူ့ရဲ့အကြိမ်ကြိမ် မှတ်ချက်ပေးမှုကို တားဆီးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခအပေါ် သူ့ရဲ့အငြင်းပွားဖွယ်အမြင်တွေကို တစ်ပတ်အတွင်း ဒုတိယအကြိမ်ပြောဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။