အာဆင်နယ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်တာမီလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်(၇)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲတိုင်းအနိုင်ရထားတဲ့ တစ်သင်းတည်းသောအသင်းအဖြစ်လည်း ရပ်တည်နေပြီး အင်တာမီလန်ကို အနိုင်ရခဲ့တာကြောင့် ပွဲမကုန်ခင်မှာပဲ (၁၆)သင်းအဆင့် တက်ရောက်ခွင့်ရဖို့ အဖြေပေါ်သွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လိဂ်အဆင့်မှာ အဆင့်(၁)နဲ့ (၂) တစ်နေရာရာ ရရှိဖို့ သေချာသွားခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲမှာ ကိုင်ရတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ရာနှုန်းပြည့်နိုင်ပွဲဆက်ဖို့လည်း အလားအလာများနေပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလား ရယူဖူးခြင်းမရှိသေးပေမဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ အလားအလာအကောင်းဆုံးအသင်းအဖြစ် ရေပန်းစားနေသလို၊ (၁၆)သင်းအဆင့်ကို ပထမဆုံးတက်ရောက်နိုင်တဲ့အသင်းလည်း ဖြစ်လာခဲ့တာပါ။
ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ စပါးတို့ကလည်း လောလောဆယ် (၁၆)သင်းအဆင့်တက်ရောက်ဖို့ အဖြေမပေါ်သေးပေမဲ့ အနည်းဆုံး Play-offs အဆင့်မှာ ဆီဒင်ရအသင်းတွေဖြစ်ဖို့ သေချာသွားခဲ့ပါတယ်။