ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်မယ့် ကစားသမားဟောင်း ဖလက်ချာက နည်းပြဟောင်းဖြစ်တဲ့ ဖာဂူဆန်နဲ့ စကားပြောပြီးမှ ယာယီနည်းပြအဖြစ် ဆောင်ရွက်ဖို့ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက်(၄၁)နှစ်သာရှိသေးတဲ့ စကော့တလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဖလက်ချာဟာ မန်ယူအသင်းမှာ ပွဲပေါင်း(၃၄၂)ပွဲ ကစားခဲ့သူဖြစ်ပြီး ဂန္ထဝင်နည်းပြ ဖာဂူဆန်နဲ့ ဆက်ဆံရေးအကောင်းမွန်ဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။
မန်ယူအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ ဖလက်ချာဟာ ကစားသမားဘဝက အနားယူပြီးနောက် မန်ယူအသင်းမှာ ယူ-၁၆ နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သလို၊ နည်းစနစ်ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။
၂၀၂၅ မှာတော့ ယူ-၁၈ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အာမိုရင်မ် ရာထူးက ထုတ်ပယ်ခံရချိန်မှာ ဘန်လေနဲ့ပွဲအတွက် ယာယီနည်းပြအဖြစ် တာဝန်ပေးခံခဲ့ရတာပါ။
အဲဒီအတွက် မီဒီယာတွေနဲ့ ဆုံတွေ့ရာမှာ ဖလက်ချာက ယာယီနည်းပြအဖြစ် ဆောင်ရွက်မယ့်သူ့ကို ဖာဂူဆန်က ဆုတောင်းပေးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
” အရေးကြီးတဲ့ ဘယ်လိုဆုံးဖြတ်ချက်ကိုပဲဖြစ်ဖြစ် ဆာအဲလက်စ်နဲ့ စကားမပြောဘဲ ကျွန်တော် မပြုလုပ်ချင်ပါဘူး။ ကျွန်တော်က ဆာအဲလက်စ်နဲ့ တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် သူနဲ့ ပထမဆုံးစကားပြောချင်ပြီး သူဆုတောင်းပေးတာကိုလည်း လိုချင်ပါတယ်။ သူက ဒီလိုအလေးထားဖို့ ထိုက်တန်သူလို့ ထင်ပါတယ်” လို့ ဖလက်ချာက ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ရာသီကုန်အထိ ယာယီနည်းပြနဲ့ပဲ ဖြတ်သန်းသွားဖို့ အလားအလာများနေပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ ဖလက်ချာ၊ ဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်တို့ထဲက တစ်ဦးဦးကို တာဝန်ပေးသွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။