နည်းပြ အာမိုရင်မ်နဲ့ လမ်းခွဲထားတဲ့ မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ထင်ကြေးပေးခံနေရသူတွေထဲမှာ ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာလည်း ပါဝင်နေကြောင်း သိရပါတယ်။
အီတလီလူမျိုးနည်းပြ မာရက်စကာဟာ ဇန်နဝါရီ ၁ ရက်ကမှ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲထားတာပါ။
မာရက်စကာက မန်စီးတီးအသင်းကနေ ဂွါဒီယိုလာ ထွက်ခွာခဲ့ရင် နည်းပြသစ်ဖြစ်လာနိုင်သူလို့ ထင်ကြေးပေးနေကြသလို လက်ရှိအချိန်မှာ မန်ယူနည်းပြရာထူးအတွက်လည်း ရေပန်းစားလာတာပါ။
Star Sports ရဲ့ အလေးပေးမှုမှာ မာရက်စကာက ၃း၁ လေးနဲ့ ရေပန်းအစားဆုံးတောင်ဖြစ်နေပြီး ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာနဲ့ လက်ရှိယာယီနည်းပြ ဖလက်ချာတို့က ၅း၁ လေး၊ အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်နဲ့ ဘာစီလိုနာနည်းပြဟောင်း ဇာဗီတို့က ၁၂း၁ လေး သတ်မှတ်ခံထားရပါတယ်။
ဒါ့အပြင် မိုက်ကယ်ကာရစ်၊ ပိုချက်တီနို၊ နာဂယ်မန်းစ် စတဲ့နည်းပြတွေလည်း မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာနိုင်သူစာရင်းထဲ ပါဝင်နေပါတယ်။
ဗြိတိန်မီဒီယာတချို့ကတော့ မန်ယူအသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်မှုကို အလျင်စလိုလုပ်ဆောင်မှာမဟုတ်ဘဲ ယာယီနည်းပြ ဖလက်ချာကို ရာသီကုန်အထိ တာဝန်ပေးတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။