ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အခုရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ရူဘင်အာမိုရင်မ်က မှတ်တမ်းအဆိုးဆုံး ဖြစ်ခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်ခြောက်နေရာ ရပ်တည်နေပြီး နောက်ဆုံးခြောက်ပွဲမှာ နှစ်ပွဲသာ အနိုင်ရသလို၊ ကစားပြီးခဲ့တဲ့ လိဂ်ပွဲ ၂၀ ပွဲမှာလည်း ရှစ်ပွဲသာ နိုင်ခဲ့လို့ နိုင်ပွဲရာခိုင်နှုန်းကလည်း ၄၀ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
အာမိုရင်မ်(၄၀ နှစ်)လက်ထက် ပြိုင်ပွဲစုံ ၆၃ ပွဲမှာ
မန်ယူနိုက်တက်အသင်းက ၂၄ ပွဲနိုင်၊ ၁၈ ပွဲသရေ၊ ၂၁ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး အနိုင်ရာခိုင်နှုန်းကလည်း ၃၁.၉ ရာခိုင်နှုန်းသာရှိလို့ အသင်းအမြဲတမ်းနည်းပြတွေထဲ အနည်းဆုံးဖြစ်ခဲ့တယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲတွေမှာ သူ့ရဲ့ပျမ်းမျှရမှတ်က ၁.၂၃ မှတ်သာ ရှိခဲ့လို့ ၂၀၁၃ ခုနှစ်မှာ ဂန္ထဝင်နည်းပြ ဖာဂူဆန် အသင်းကနေထွက်ခွာပြီးကတည်းက အသင်းနည်းပြဖြစ်လာသူတွေထဲ အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
ကိုင်တွယ်ရတဲ့ လိဂ်ပွဲနဲ့ အချိုးချကြည့်မှုမှာ တစ်ပွဲပျမ်းမျှပေးဂိုး ၁.၅၃ ဂိုး၊ clean sheet ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့တာကလည်း မန်ယူနိုက်တက်နည်းပြတွေထဲ အနည်းဆုံးပါပဲ။
မန်ယူနိုက်တက်အသင်းကို အာမိုရင်မ် စတင်ကိုင်တွယ်ကတည်းက ပရီးမီးယားလိဂ်မှာ အသင်းထက် ရမှတ်နည်းတာဆိုလို့ သုံးသင်းသာရှိပြီး
မန်ယူနိုက်တက်(၅၈ မှတ်)ထက် စပါး(၄၆ မှတ်)၊
ဝက်စ်ဟမ်း(၄၅ မှတ်)၊ ဝုလ်ဗ်(၃၉ မှတ်)အသင်းတွေသာ ရမှတ်လျော့နည်းခဲ့တာ ဖြစ်ပါတယ်။