မန်စီးတီးနည်းပြ ဂွါဒီယိုလာက နည်းပြသစ်လက်ထက်မှာလည်း အသင်းရဲ့အဆင့်အတန်းကို ထိန်းသိမ်းဖို့ မန်စီးတီးကစားသမားတွေကို မှာကြားခဲ့ကြောင်း သိရပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ဆယ်စုနှစ်တစ်ခုကြာ ကိုင်တွယ်ခဲ့ပြီးနောက် လမ်းခွဲခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းက ဂွါဒီယိုလာ ရောက်မလာခင်ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပေမဲ့ ဂွါဒီယိုလာလက်ထက်မှာမှ အင်္ဂလန်မှာသာမက ဥရောပမှာပါ အင်အားအတောင့်တင်းဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းကို ဆုဖလားမျိုးစုံ အခု(၂၀) ရယူပေးနိုင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေက မြောက်ဘက်ပွဲကြည့်စင်ကို ဂွါဒီယိုလာရဲ့အမည်ပေးပြီး ဂုဏ်ပြုခဲ့သလို၊ ဂွါဒီယိုလာရဲ့ရုပ်တု ထုလုပ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ဂွါဒီယိုလာက မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့သလို၊ ကစားသမားတွေကိုလည်း မှာကြားခဲ့တာပါ။
”ကစားသမားတွေအနေနဲ့ အသင်းရဲ့ အဆင့်အတန်းကို ဆက်ထိန်းထားနိုင်ဖို့ ကြီးမားတဲ့ တာဝန်ယူမှုရှိရပါမယ်။ သူတို့ ရှေ့ဆက်ပြီး တိုက်ပွဲတွေ ဝင်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါက ကျွန်တော့်ရဲ့အိမ်ပါ။ ဒီအသင်းကို ကိုယ်စားပြုခွင့်ရတာ ကြီးမားတဲ့ဆုလာဘ်တစ်ခုပါ။ ကျွန်တော် ချမှတ်တဲ့ ဆုံးဖြတ်ချက်တိုင်းက ဒီအသင်းအတွက် အကောင်းဆုံးဖြစ်စေဖို့ပါ” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးပရိသတ်တွေက ဂွါဒီယိုလာ နှုတ်ဆက်စကားပြောချိန်မှာ နောက်ထပ်(၁၀)နှစ် ထပ်နေဖို့ အော်ဟစ်တောင်းဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။